23
Tue, Apr
612 New Articles

ကျောက်စိမ်း ယူရို ၄၇၄ သန်းကျော်ဖိုး ရောင်းရ

(၅၆) ကြိမ်မြောက် ကျောက်မျက်ရတနာ ရောင်းချမှု သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ) Local

နေပြည်တော်၊ မတ် ၂၀ ရက်(ဆင်ဟွာ)

(၅၆)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ၌ ယူရို ၁၀ ဒသမ ၅၈၈၈၈ သန်း တန်ဖိုးရှိကျောက်စိမ်းတွဲ အပါအ၀င် ကျောက်စိမ်းအတွဲ ၅၂၆၃ တွဲတို့ ကို ယူရိုသန်း ၄၇၄ ဒသမ ၁၄ သန်းဖြင့် ရောင်းချနိုင်ခဲ့ သည်ဟု မြန်မာ့ ကျောက်မျက်ရတနာပြပွဲ စီမံရေးရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ  ဦးသန်းဇော်ဦးက ယနေ့  ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“ ကျောက်မျက် ၆၉ တွဲ (ယူရို ၁ ဒသမ ၀၂ သန်း)၊ ပုလဲ ၂၆၉ တွဲ (ယူရို ၁ ဒသမ ၅၂ သန်း)၊ ကျောက်စိမ်း ၅၂၆၃ တွဲ(ယူရို ၄၇၄ ဒသမ ၁၄ သန်း)စီနဲ့  (၅၆) ကြိမ်မြောက်ပွဲမှာ ကျောက်မျက် ကျောက်စိမ်း ပုလဲ အတွဲပေါင်း ၅၆၀၁ တွဲ၊ စုစုပေါင်း တန်ဖိုးအနေ နဲ့ တော့ ယူရို  ၄၇၆ ဒသမ ၆၈ သန်းဖိုး ရောင်းချနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ဒီပွဲမှာ ကျောက်စိမ်းတွဲ အရည်ကောင်းတာတွေက ပုံမှန်ဈေးထက် ၂၀ ရာခိုင်နှုန်းကျော် ပိုရခဲ့ပြီး ခါးကျောက်တွေက ငါး ရာခိုင်နှုန်းနဲ့  အောက်ကျောက်တွေက ပုံမှန်ဈေး ရခဲ့ပါတယ်၊ ပြီးခဲ့တဲ့ (၅၅)ကြိမ် မြောက်ပွဲ ရောင်းအားနဲ့ ယှဉ်ရင် ကျောက်စိမ်းက ယူရို ၅၁ သန်းဖိုး ပိုရောင်းရပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ယခုပွဲတွင်တန်ဖိုးအမြင့်ဆုံး ကျောက်စိမ်းတွဲက Log. No. 4996 ဖြစ်ကြောင်း၊ကျောက်မျက်ရတနာများအနက် log. No. 102 မိုင်းရှူး ပတ္တမြား အရိုင်းက ယူရို တစ်သိန်း ကျော်ဖြင့်လည်းကောင်း၊ ပုလဲတွဲများတွင် အလုံးရေ ၆၁၅ လုံးပါပြီး ကြမ်းခင်းဈေး ယူရို ၄၃၆၀ ဖြင့် ဈေးဖွင့်ထားသော Log. No. 78 ပုလဲအတွဲက ယူရို ၂၂၇၂၈ ဖြင့်လည်းကောင်း ရောင်းချခဲ့ရကြောင်း လည်း မြန်မာ့ကျောက်စိမ်းကော်မတီအတွင်းရေးမှူး၊ဒုတိယအထွေထွေမန်နေဂျာဦးကျော်ဦးလွင်က  ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲသို့  ပြည်တွင်း ပြည်ပမှ ရတနာကုန် သည်ုစုပေါင်း ၄၅၆၁ ဦး တက်ရောက်ခဲ့ကြရာ နိုင်ငံခြားသား ကုန်သည် ၂၉၁၂ ဦး ရှိခဲ့ပြီး တရုတ် ပြည်သူ့  သမ္မတ နိုင်ငံမှ ၂၈၈၀ ဦး၊ ထိုင်းနိုင်ငံမှ ၂၃ ဦး၊ သြစတြေးလျမှ တစ်ဦး၊ အမေရိကန်ပြည်ထောင်စုမှနှစ်ဦးနှင့် အိန္ဒိယနိုင်ငံမှ ခြောက်ဦးတို့  ဖြစ်ကြကြောင်း သိရသည်။ (Xinhua)