23
Tue, Apr
612 New Articles

မိုင်းထိခိုက် ဒဏ်ရာရခဲ့သူ ငါးရာခန့် အား ကျပ်သိန်း တစ်ထောင်ခန့်  ထောက်ပံ့နိုင်ခဲ့ဟု ဆို

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးအောင် အဖွင့်အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ) Social

နေပြည်တော်၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သူ ၄၉၉ ဦးတို့ အား ကျပ် ၉၉၈ သန်း ထောက်ပံ့နိုင်ခဲ့သည်ဟု လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးအောင်က ယနေ့  ပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ၂၀၁၇ ခုနှစ်က စတင်ပြီး ယနေ့ အထိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၄၉၉ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ကြေးငွေ ကျပ် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၄၉၉ သိန်းကို မိမိတို့  ၀န်ကြီးဌာန ရဲ့ ဘတ်ဂျက်ရန်ပုံငွေနဲ့  ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်” ဟု နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ယနေ့ ပြုလုပ်သော ‘အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေး နှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့  အခမ်းအနား’ ၌ ဒုတိယ ၀န်ကြီးက ပြောခဲ့သည်။ ပြည်တွင်းစစ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များ အချင်းချင်း တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ မြို့ နယ် ၅၂ မြို့နယ်တို့ တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက် ပစ္စည်းများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊တို့ တွင် မိုင်းကြောင့် ထိခိုက်ခံစားရသူ အများအပြား ရှိနေကြောင်း၊ မိုင်းအန္တရာယ်ရှိ ဒေသခံများအနေဖြင့် လွတ်လပ်စွာ သွားလာ၍ မရနိုင် သည့် အပြင် မိုင်းထိပါက အသက်ဆုံးရှုံးခြင်း၊ မသန်စွမ်း ဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ လူမှု စီးပွားဘ၀များ ထိခိုက်ခြင်းတို့ နှင့် ကြုံတွေ့ ရမှာ ဖြစ်ကြောင်း၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ မိုင်းလုပ်ငန်း အတွက် ဆောင်ရွက်ရန် ကဏ္ဍငါးရပ် ရှိရာ - မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ မိုင်းရှင်းလင်းခြင်း၊ တိုက်တွန်း နှိုးဆော်ပေးခြင်း၊ စုဆောင်းထားသာ လက်နက်များအား စုပုံ ဖျက်ဆီး ခြင်း၊ ထိခိုက်ခံစားခဲ့ရသူများအား ကူညီ ထောက်ပံ့ပေးခြင်း တို့  ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ပြည်နယ် ခြောက်ခုနှင့် တိုင်းဒေသကြီး နှစ်ခုတို့ မှ လူဦီးရေ သုံးသိန်းခန့် ကို မိုင်းအန္တရာယ် အသိပညာ ပေးနိုင်ခဲ့ကြောင်းလည်း ဒုတိယ ၀န်ကြီးက ပြောခဲ့သည်။

UN ဌာနေ ညှိနှိုင်းရေးမှူး Mr. Knut Ostby က အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နော်ဝေနိုင်ငံ သံရုံး သံအမတ် H. E. Tone Tinnes အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ နယ်မှ မိုင်းအန္တရယ် ထိခိုက်ခံစားရသူ ကိုဇော်ဇော်ဦးက အတွေ့  အကြုံများ ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့  အခမ်းအနား ကျင်းပနေစဉ်။ (ဆင်ဟွာ)

ထို့အပြင် ၎င်းက “သူတို့ ကို ကူညီရာမှာ ရပ်ရွာနဲ့  ပြန်လည် ၀င်ဆံ့နိုင်တဲ့အထိ ဆောင်ရွက်ဖို့  လိုမှာ ဖြစ်ပါတယ်၊ ကိုယ်အင်္ဂါတစ်ခုခု ဆုံးရှုံးရသည့်တိုင် စိတ်ခွန်အား ပြန်လည် ရရှိလာတဲ့အထိ ဆောင်ရွက် ပေးရပါမယ်၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ကူညီပေးမှုတွေနဲ့  ၀န်ဆောင်မှုပေးတာတွေကို ဘယ်နေရာတွေမှာ ရနိုင်တယ် ဆိုတဲ့ သတင်းအချက်အလက်တွေ စုစည်းပြီး ပြည်သူလူထုကို ဝေငှကြ ရ ပါမယ်၊ အရေးအကြီးဆုံးကတော့ မိုင်း အန္တရာယ် ကင်းရှင်းတဲ့ နယ်မြေ၊ ပတ်ဝန်းကျင် ၊ ရပ်ရွာ ဖြစ် လာတဲ့ အထိ ဆောင်ရွက်သွားရမှာပါ” ဟုလည်း ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့  လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယ ၀န်ကြီးများ၊ သံအမတ်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ကုလ သမဂ္ဂနှင့်သက်ဆိုင်ရာ ပြည်တွင်း ပြည်ပအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။(Xinhua)