20
Sat, Jul
558 New Articles

နေပြည်တော်သင်္ကြန်ဖွင့်ပွဲကို ဧပြီ ၁၃ ရက် ညနေ ၅ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်မဏ္ဍပ် တွင်ကျင်းပမည်

နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI) Social

နေပြည်တော်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် နေပြည်တော်သင်္ကြန်ဖွင့်ပွဲကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေ ၅ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်မဏ္ဍပ် နေပြည်တော် မြို့တော်ခန်းမရှေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ 

အဆိုပါ ဖွင့်ပွဲတွင် ဌာနဆိုင်ရာအသီးသီးမှ ယိမ်းလှပျိုဖြူများ၊ ကုမ္ပဏီအသီးသီးမှ ယိမ်းလှပျိုဖြူများ ပါသည့် ယိမ်းအဖွဲ့ ၁၇ ဖွဲ့ လာရောက်ကပြဖျော်ဖြေမည် ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာ ဦးစီးဌာနတို့မှ တွဲဖက်၍ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း၊ နေပြည်တော် ရာဇသင်္ဂဟလမ်းမကြီး ရွှေဧည့်သည်ဟိုတယ်ရှေ့ တွင် Sky Net မဏ္ဍပ်၊ နေပြည်တော် ဇေယျာသီရိ မြို့နယ် ဇေယျာသီရိကုန်တိုက်အနီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး မိသားစုမဏ္ဍပ်၊ ပုဗ္ဗသီရိ မြို့နယ် နေပြည်တော် ဘူတာကြီးသွားလမ်း မင်္ဂလာဈေးအနီးတွင် ဧည့်ခံဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် စသဖြင့် အဓိကမဏ္ဍပ်ကြီးများ တည်ဆောက်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ပျဉ်းမနားမြို့နယ် မင်္ဂလာရှမ်းကန်ရှေ့တွင် ဒုတိယအကြိမ် လမ်းလျှောက်သင်္ကြန်ကို ကျင်းပမည်ဖြစ် ကြောင်းနှင့် မင်္ဂလာကန်တော်ခန်းမရှေ့ မြင်းရတနာ အနီးတွင် မုခ်ဦးပြုလုပ်ကာ ခန်းမရှေ့လမ်း တစ်လျှောက် ပုသိမ်ထီးများဖြင့် အလှဆင်ကာ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ခမ်းနားထည်ဝါသည့်မဏ္ဍပ် တည်ဆောက်ပြီး ရေကစားမဏ္ဍပ်နှင့် နိုင်ငံကျော် အဆိုတော်များပါဝင်၍ ဧည့်ခံဖျော်ဖြေမည်ဖြစ်သည်။ စတုဒိသာမဏ္ဍပ်များကိုပါ လမ်းလျှောက် သင်္ကြန်ပွဲတော်ကြီးတွင် ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)