23
Fri, Aug
523 New Articles

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တရုတ်ဘာသာဧည့်လမ်းညွှန်များတွေ့ဆုံပွဲနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပ

တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း(MCGS) ဥက္ကဋ္ဌ ဒေါ်ဝင်းပပက အမှာစကားပြောကြားစဉ် (ဆင်ဟွာ) Social

ရန်ကုန်၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တရုတ်ဘာသာဧည့်လမ်းညွှန်များတွေ့ဆုံပွဲနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့(ဇူလိုင် ၇ ရက်)တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း(MCGS)၏ နှစ်ပတ်လည်အခမ်းအနားအဖြစ် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များအသင်း ၊ခရီးသွားနှင့်ဝန်ဆောင်မှုလုပ်ငန်းအသင်း အလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ လျိုဝေ ၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (MTGA)မှ CEC အဖွဲ့ဝင် ဦးထွန်းမြတ်နှင့်အတူ အသင်းကိုယ်စားလှယ်များ ၊ တရုတ်ဘာသာ ဧည့်လမ်းညွှန်များအပါအ၀င် လူပေါင်း ၁၀၀ ကျော် တက်ရောက်တွေ့ဆုံဆွေးနွေးနှီးနှောဖလှယ်ခဲ့ကြ သည်။ 

 မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း(MTGA)မှ CECအဖွဲ့ဝင် ဦးထွန်းမြတ်မှ အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း(MCGS) ဥက္ကဋ္ဌ ဒေါ်ဝင်းပပက  တရုတ်ဘာသာ ဧည့်လမ်းညွှန်များသည် ခရီးသွားအကျိုးပြုစီးပွားဖွံ့ဖြိုးရေးကို ဖော်ဆောင်သူဖြစ်သလို တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုနှင့်ချစ်ကြည်ရေးကို ချိတ်ဆက်ပေးသည့်ပေါင်းကူးတံတားဖြစ်ရာ ခရီးသွားလုပ်ငန်းမှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုနှင့်ခရီသွားနေရာများအား အများသိရှိနားလည်စေရန် သယ်ပိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။ 

 မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များအသင်း ၊ ခရီးသွားနှင့်ဝန်ဆောင်မှု လုပ်ငန်းအသင်း အလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ လျိုဝေ မှ အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း(MTGA)မှ CEC အဖွဲ့ဝင် ဦးထွန်းမြတ်ကလည်း MCGSအသင်းအနေဖြင့် ခရီးသွားလုပ်ငန်းအကျိုးအမြတ်သာမက ဧည့်လမ်းညွှန်အကျင့်ဝတ္တရားနှင့်အညီ ခရီးသွားလုပ်ငန်းကောင်းမွန်တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။  

ခရီးသွားလုပ်ငန်းကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ခရီးသွားဧည့်လမ်းညွှန်များက အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်ရာ ဗဟုသုတတိုးပွားရန် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရန် ကြိုးစားလုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များအသင်း ၊ခရီးသွားနှင့်ဝန်ဆောင်မှုလုပ်ငန်းအသင်း အလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ လျိုဝေက ၄င်း၏အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

အဆိုပါ အခမ်းအနားတွင် တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း(MCGS)၏ အဖွဲ့ဝင်များကလည်း ခရီးသွားလုပ်ငန်းတွင် တွေ့ကြုံရမည့်အခက်အခဲများ ၊ သတိပြုရန်အချက်များနှင့် အတွေ့အကြုံများအား နှီးနှောဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၏တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း(MCGS)ကို ၂၀၁၂ ခုနှစ်က အဖွဲ့ဝင် ၇၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဖွဲ့ဝင် ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။  (Xinhua)