15
Sun, Sep
498 New Articles
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး ဒေါ်နွဲ့ ကလျာ နှင့် ဆရာ/ဆရာမများ စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ) Social
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး ဒေါ်နွဲ့ ကလျာ(Ms.Li Xiaoyan)က ယနေ့ သည် တရုတ် နိုင်ငံ၏ ဆရာ/ဆရာမများနေ့ ဖြစ်ကြောင်း ၊ ယနေ့ တွင် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ၊ ရန်ကုန် တက္ကသိုလ် ၊ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် တို့ မှ ဆရာ/ဆရာမများ အပါအ၀င် တရုတ် နိုင်ငံမှ လာရောက်သည့် ဆရာ/ဆရာမများ ၊ မြန်မာ ဆရာ/ဆရာမများက မိမိတို့ နှင့် အတူ နေ့ ထူးနေ့ မြတ်ကို နွှဲပျော်ကြသည့် အတွက်ကြောင့် အင်မတန် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ၊ ယခုကဲ့သို့ ဂုဏ်ပြု ညစာစားပွဲ ကျင်းပခြင်းသည် ဆရာ/ဆရာမများ၏ ကြိုးပမ်း ဆောင်ရွက်ခြင်းကို လေးစားခြင်းကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
 မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး ဒေါ်နွဲ့ ကလျာက မိန့် ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)
ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က ယခု အခမ်းအနားကို မြန်မာလူမျိုး ဆရာ/ဆရာမများကို ဖိတ်ကြားပြီး ယခုကဲ့သို့ ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား ကျင်းပပေးသည့် အတွက် အထူး ကျေးဇူးတင် ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း ၊ ယခုလို ဆရာများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ဆရာ/ဆရာမများကို ဂုဏ်ပြုလိုက်သည့် အတွက် မိမိ အနေဖြင့် လေးစားမိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က မိန့် ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)
ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက မိန့် ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)
တရုတ်ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ကျင်းပမှုအား တွေ့ ရစဉ်(ဆင်ဟွာ)
ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက တရုတ် နိုင်ငံ၏ ဆရာများနေ့ ကို ဂုဏ်ပြုသည့် အနေဖြင့် တရုတ် နိုင်ငံ၌ တာဝန် ထမ်းဆောင်ခဲ့သော ဆရာ/ဆရာမများ ၊ မြန်မာ နိုင်ငံ၌ လာရောက် ပညာသင်ကြားကြသည့် တရုတ် ကျောင်းသား/သူများကို ပညာသင်ကြားပေးခဲ့ကြသည့် ဆရာ/ဆရာမများကို ဂုဏ်ပြုပွဲ ကျင်းပပေးသည့် အတွက် ဆရာ/ဆရာမများ အားလုံး ကိုယ်စား အထူး ကျေးဇူးတင်ပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ချစ်ကြည် ရင်းနှီးစွာ နေထိုင်ခဲ့ကြသည့် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံများ ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံသည် နီးစပ်သည့် ယဉ်ကျေးမှုလည်း များစွာ ရှိကြောင်း ၊ အထူးသဖြင့် ဆရာများကို ချစ်ခင်လေးစားသည့် ဓလေ့ထုံးစံသည် တရုတ် နှင့် မြန်မာသည် လွန်စွာ တူညီကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရှေးကတည်းက ချစ်ကြည်ရင်းနှီးစွာ နေလာခဲ့ကြသည့် မိတ်ဆွေနိုင်ငံများ ဖြစ်ကြောင်း ၊ လူမျိုး အနေဖြင့် ဆွေမျိုးပေါက်ဖော်များ ဖြစ်ကြကြောင်း ၊ အနာဂတ်တွင်လည်း ချစ်ကြည်ရင်းနှီးမှုကို အဓွန့် ရှည်အောင် ဆက်လက် ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၊ ယနေ့ ကျင်းပသည့် အခမ်းအနားသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို များစွာ အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး ဒေါ်နွဲ့ ကလျာ(Ms.Li Xiaoyan)က ဆရာ/ဆရာမကြီးများကို ဂုဏ်ပြုပန်းစည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဆရာများနေ့ အဖြစ် နှစ်စဉ် စက်တင်ဘာလ ၁၀ ရက်ကို သတ်မှတ်ထားကြောင်း သိရသည်။(Xinhua)