ဧရာဝတီတိုင်းဒေသကြီး၌ ၈နှစ်အတွင်း တောဆင် (၇၄)ကောင် အသတ်ခံရ

ဧရာဝတီတိုင်းအတွင်း သတ်ဖြတ်ထားခံရသော တောရိုင်းဆင်တစ်ကောင်အားတွေ့ရစဉ် ( သစ်တောဦးစီးဌာန) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ဧရာဝတိတိုင်းဒေသကြီး၌ ၈နှစ်အတွင်း တောဆင် (၇၄)ကောင် အသတ်ခံရကြောင်း ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

၂၀၁၂ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ် အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားမဝင် တောဆင်သတ်ဖြတ်ခံရမှု စုစုပေါင်း (၇၄) ကောင် ရှိခဲ့ပြီး ငပုတောမြို့နယ်နှင့် ပုသိမ်မြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇေယျက ပြောကြားသည်။

အဆိုပါတောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ် အထိ ဖမ်းဆီးအရေးယူမှု စုစုပေါင်း (၉၈) မှု ရှိခဲ့ကြောင်း ၎င်းကဆိုသည်။၂၀၂၀ ပြည့်နှစ်တွင် တောဆင်သေဆုံးမှု (၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် (၂)ကြိမ်၊ ကျန်းမာရေးအခြေအနေနှင့် အဆိပ်ရှိ သတ္တဝါများ၏ အကိုက်ခံရမှုကြောင့်(၂)ကြိမ် သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှုအပေါ် ကာကွယ်ရေးလုပ်ငန်းများနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးလုပ်ငန်းစဉ်များကို သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် Friends of Wildlife အဖွဲ့တို့ ပူးပေါင်းပြီး ထိထိရောက်ရောက်ဆာင်ရွက်လျက်ရှိကြောင်း ဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။

တောဆင်များ၏ ဆင်စွယ်နှင့် ဆင်အရေခွံများ သည် မှောင်ခိုဈေးကွက်တွင် ဈေးကောင်းရရှိမှုကြောင့် ဆင်သတ်မုဆိုးများ သတ်ဖြတ်မှုများပြုလုပ်လျက်ရှိနေခြင်း ဖြစ်သည်။ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်း ခန့်မှန်း အကောင်ရေ (၁၂၀၀) ဝန်းကျင် ရှိကြောင်း သိရသည်။ (Xinhua)